(ဆုံတွေ့ခြင်း)
ထိုနေ့က လင်ချိရ်မှာ သူငယ်ချင်းတစ်ယောက်က ကိုယ်စားအလုပ်ဆင်းပေးပါရန် ဆွဲခေါ်ခံခဲ့ရသည်။
ရိုက်ကွင်း၌ ဆုံတွေ့ခဲ့သည့် ထိုသူငယ်ချင်းက သူ့ဆီဖုန်းခေါ်ကာ ဘား၌ နှစ်နာရီအလုပ်ဆိုင်းကို အရေးပေါ် အစားဆင်းပေးပါရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
" ဘာလုပ်နေလဲ?"
ဖုန်းဝင်လာတုန်းက လင်ချိရ်မှာ အိပ်ယာပေါ် လဲလျောင်းနေခဲ့၏။ အရင်နေ့ကမှ သူ စွန့်ပစ်အဆောက်အဦးတစ်ခုပေါ် နေ့ဝက်လောက် လေတဖြူးဖြူးထဲ photoshooting ရိုက်ခဲ့ရသည်။ ကျန်းမာရေးကောင်းမွန်သည့်အတွက်ကြောင့်သာ အအေးမမိခဲ့ရခြင်း။
ယနေ့၌မူ သူအပြင်ထွက်ရန် အကြံအစည်မရှိ။ အိမ်တွင်းအောင်းကာ အိပ်နေရန်သာ စီစဉ်ထားခဲ့သည်။
" ငါ့ကောင်မလေး အလုပ်ခရီးသွားတာကို လိုက်ပို့ရမှာမို့လို့။ ငါမြန်မြန်ပြန်လာမှာ။ မင်းတစ်နာရီလောက်ပဲ အစားဝင်ထားပေးဖို့ လိုတာ။" ထန်းရှို့က ဆို၏။
ချီးပဲ။
ခွေးစာလာကျွေးနေတယ်။
လင်ချိရ် မျက်ဆန်လှန်လိုက်မိသည်။
သူ စောင်ခြုံထဲ ပိုတိုးဝင်လိုက်၏။ တကယ်ပဲ အပြင်ထွက်ချင်စိတ်မရှိ။
" တခြားတစ်ယောက်ယောက်ကို လုပ်ခိုင်းလို့မရဘူးလား?"
" မရှိတော့ဘူး။ ငါ့ရဲ့တခြား သူငယ်ချင်းနှစ်ယောက်လည်း အလုပ်များနေကြတာ။ ပြီးတော့ အဲဒီဘားက ရုပ်ရည်သတ်မှတ်ချက်လည်း မြင့်သေးတယ်။ အဲ့မိန်းမက လူချောလေးတွေကိုပဲ ခန့်တာလေ။ ငါအင်တာဗျူးဖြေတုန်းကတောင် ငါ့ရုပ်ရည်က မလုံလောက်ဘူးလို့ တွေးသေးတယ်တဲ့။"
ပြောရင်းနှင့် ထန်းချို့က ကောင်းမွန်ခြင်းမရှိသော ဖြစ်ရပ်ကို ပြန်တွေးမိကာ ကိုယ့်ကိုကိုယ် သံသယဖြစ်စွာဖြင့် သူ၏ မျက်နှာအား ပြန်သပ်ကြည့်လိုက်လေ၏။
လင်းချိရ်က တစ်ချက်ရီလိုက်သည်။
ကောင်းပြီလေ။
ဘယ်လောက်ခက်ခဲတဲ့ အလုပ်လည်း မဟုတ်။
သူ၏ ရှုပ်ပွနေသော ဆံပင်အား ဆွဲဖွကာ ပျင်းရိပျင်းတွဲဖြင့် အိပ်ယာပေါ်မှ လွန့်လူးထလိုက်သည်။
" ငါ့ကိုတော့ ညစာ တစ်ခုခုပြန်ကျွေးရမယ်နော် ဟုတ်ပြီလား?"
တစ်ဖက်မှလူက ရီကာ စိတ်ပါလက်ပါသဘောတူလာ၏။ သူ့အား ချီးကျူးဖို့ရန်လည်း မမေ့။
" ငါ့တို့ လင်ကောက အကောင်းဆုံးဆိုတာ သိသားပဲ။"
" သွားစမ်းပါ။"
လင်ချိရ်တစ်ယောက် အာသန်းလိုက်ကာ ခြေဗလာကြမ်းပေါ် ရပ်လိုက်၏။
ခန်းဆီးချထားသည်ဖြစ်ရာ အခန်းမှာ လင်းထင်းမနေ။ သို့သော်လည်း အခန်းတွင်း ပရိဘောဂများကိုမူ မြင်နေရသည်။ ရှင်းလင်းနေသော အခန်းနံရံ။ နံရံတစ်ဖက်ကပ်ထားသော ထိုင်ခုအပုတစ်လုံးနှင့် ဆိုဖာပေါ် ပစ်တင်ထားသော အဝတ်အစားအချို့။
သူက ကိုယ်ကိုကိုင်းကာ ဗီရိုထဲမှ ရှပ်အသန့်တစ်ထည်ကို ထုတ်ယူလိုက်သည်။
သူ၏ အဓိက အလုပ်အကိုင်မှာ မော်ဒယ်အလုပ်ဖြစ်သည်နှင့်အညီ အတော်လေးကောင်းမွန်သော ကိုယ်ခန္ဓာအချိုးအစားရှိသည်။ 184 cm ရှည်ပြီး muscles ကြီးကြီးမဟုတ်သော်လည်း ပိန်ပိန်ပါးပါးကျစ်ကျစ်လစ်လစ်ခန္ဓာကိုယ်ရှိသည်။ ခါးသိမ်သိမ်လေးလည်း ရှိကာ ခါးတစောင်းအချိုင့်နှစ်ဖက်ပင် ပါသေးသည်။
ကြယ်သီးအချို့ကို အမြန်တပ်လိုက်ကာ မျက်နှာသစ်သန့်စင်လိုက်ပြီး မှန်ရှေ့ ဆံပင်ကိုလည်း အနည်းငယ် ပြုပြင်လိုက်၏။
သူ၏ ဘယ်ဘက်နားရွက်မှာတော့ အလယ်၌ အနက်ရောင်မီးသင့်ကျောက်အသေးလေးတစ်ခုပါပြီး တလက်လက်တောက်နေသော အစွန်းနှင့် ရွှေရောင်နားဆွဲတစ်ခု တွဲလွဲကျနေကာ သူ၏ အသားအရေအား ပို၍ သန့်ရှင်းဖြူစွတ်သွားစေသယောင်။
တော်တော်လေး ချောမောသွားတာပဲ။
လင်ချိရ်တစ်ယောက် မှန်ကြည့်ကာ လေချွန်လိုက်သည်။ ထို့နောက် သော့ ဆွဲယူကာ ထွက်လာလိုက်သည်။
သူ၏ သွားလာရေးစနစ်မှာ သူနှင့်အတူ အေးအတူပူအမျှ အတူရှိခဲ့သည့် တစ်ပါတ်ရစ် မော်တော်ဆိုင်ကယ်လေးနှင့်ဖြစ်သည်။ နည်းနည်းအိုဟောင်းနေပုံပေါ်ပေမဲ့ လမ်းပိတ် လမ်းကျပ်သည့် နေရာများကို အလွယ်တကူ ကျော်ဖြတ်နိုင်သည်။
မီးနီစောင့်နေရင်းနှင့် ထန်းရှို့ပို့ပေးထားသည့် လိပ်စာကို ဖွင့်ကြည့်လိုက်၏။
182 ဝမ်ဟွားလမ်းကြား။
လင်းချိရ်စဉ်းစားကြည့်လိုက်တော့ ထိုဘားက ကမ်းစပ်နားက ဘားအသေးလေးတစ်ခုဖြစ်တာကို အမှတ်ရလိုက်သည်။ သူလည်း အရင်က အဲ့မှာ ရန်ဖန်ရန်ခါ ထိုင်ဖူးသည်။
နောက်တစ်နာရီအကြာတွင်တော့ ဖွင့်ဖို့လုပ်နေသည့် ဘားလေးဆီသို့ အချိန်မီ ရောက်ရှိလေ၏။
ဆိုင်ထဲ ဧည့်သည်အများကြီး မရောက်သေး။ ပြတင်းပေါက်များကို ဖွင့်ထားသည်ဖြစ်ရာ ဆိုင်ထဲမှနေ၍ နေဝင်တော့မည့် ကမ်းခြေအလှကို စိတ်ငြိမ်းချမ်းဖွယ်ကောင်းစွာ မြင်နေရသည်။
---
လီထင်းရန် ကားထဲ ထိုင်နေတုန်း ရွှီးမူဆီမှ ဖုန်းဝင်လာခဲ့သည်။
အပြင်၌ နေဝင်တော့မည်ဖြစ်ကာ လိမ္မော်နှင့်အနီစပ်ယှက်သည့် နေရောင်ခြည်တန်းက လှိုင်းတစ်ပုတ်ပုတ်ခတ်နေသော ပင်လယ်မျက်နှာပြင်ပေါ် ထိုးကျနေ၏။ ဆေးရည်များကို ဖိတ်စင်ထားသကဲ့သို့ ပင်လယ်မျက်နှာပြင်ပေါ် လှပသော မြင်ကွင်းကို ဖြစ်ပေါ်စေလျက်။
ရွှီးမူက နောက်တစ်ရက်မှာလုပ်မည့် မင်္ဂလာဧည့်ခံပွဲအကြောင်းနှင့် ညပါတီအကြောင်း ပြောနေသည်ကို နားထောင်ပေးနေရင်း ရန်ဖန်ရန်ခါ ပြုံးလိုက်သည်။
" ဒီညတကယ်လာလို့ မရဘူးလား။" ရွှီးမူက မေး၏။
ကားမှန်များကို ချထား၍ဖြစ်မည် ကားထဲ၌ မွန်းကျပ်မှုကို ခံစားရသည်ဖြစ်ရာ လီထင်းရန် နက်ကတိုင်ကို ဆွဲလျှော့လိုက်သည်။
" ဆောရီး၊ ငါတကယ် ဒီနေ့မအားလို့။ ငါဒီည မြို့ထဲ သွားရမယ်။ ပြန်မလာနိုင်လောက်ဘူး။ မနက်ဖြန် မင်းရဲ့ မင်္ဂလာပွဲကျမှ လာဂုဏ်ပြုတော့မယ်လေ။" လီထင်းရန် သူ၏ အသံအား ပုံမှန်ပဲ ဖြစ်နေစေရန် ထိန်းလိုက်၍ ခပ်ရေးရေး ရယ်သံပင် ပြုလိုက်သေးသည်။
" ငါ အဲဒီအတွက် အကောင်းဆုံး လက်ဖွဲ့ စီစဉ်ပေးပါ့မယ် ဟုတ်ပြီလား?"
" ဘယ်သူက လိုချင်နေလို့လဲ?"
ရွှီးမူက အသာရယ်လေ၏။ သို့သော်လည်း လီထင်းရန်တစ်ယောက် အလုပ်ဘယ်လောက်များသည်ကို သိသည်ဖြစ်ရာ အတင်းမတောင်းဆိုတော့။ ရွှီးမူက အမြဲတမ်း စိတ်သဘောထား ကောင်းသည့်သူဖြစ်သည်။
" ဒါဆို မနက်ဖြန် မနောက်ကျစေနဲ့နော်။ plus-one ရှိမယ်ဆိုရင်လည်း ခေါ်ခဲ့ပါ။ ငါ့မင်္ဂလာပွဲမှာ တခြားတစ်ယောက်ယောက်က ပရိတ်သတ်အာရုံရသွားရင်လည်း ငါ့အတွက်တော့ ကိစ္စမရှိဘူး။ အတွဲများလေလေ ပိုကောင်းလေလေပဲ။ တစ်ယောက်ယောက် မရှိဘူးဆိုရင်လည်း မနက်ဖြန် ပွဲကျမှ တစ်ယောက်ယောက်နဲ့ တွဲပေးမယ်လေ။"
ဒီတစ်ကြိမ်မှာတော့ လီထင်းရန်မှာ အပြုံးမျက်နှာပင် မလုပ်နိုင်တော့။ သူ၏ မျက်ခုံးများကြား၌ ပင်ပန်းနွမ်းနယ်မှုက အထင်းသား။
သို့သော် သူ၏ အသံမှာတော့ တည်ငြိမ်သေး၏။
" မင်းရဲ့ ကြင်နာလှတဲ့ တွေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုတော့ မလိုချင်သေးဘူး။ မင်းလည်းသိပါတယ်။ ငါက မင်းလိုမျိုး မိသားစု ဘဝကို မလိုချင်ဘူးဆိုတာ။"
ရွှီးမူက သက်ပြင်းချ၏။ " မင်းနဲ့တော့ တကယ်ခက်တာပဲ။ ငါတို့ သူငယ်ချင်းတွေထဲမှာ မင်းနဲ့ ယွမ်ကျီပဲ single ဖြစ်နေသေးတာနော်။"
သူက ပြုံးလိုက်ပါ၏။ သို့သော်လည်း ထပ်မပြောဖြစ်တော့။ နောက်ထပ် စကားအနည်းငယ် ပြောပြီးနောက်မှာ ဖုန်းချလိုက်သည်။
မနက်ဖြန်လက်ထပ်တော့မည့် သူတို့သားအတွက်မူ ပြင်ဆင်စရာတွေ များသည်မဟုတ်ပါလား။ ယခုညက လူပျိုညပါတီဖြစ်ရာ သူငယ်ချင်းတော်တော် များများက တက်ရောက်ကြသည်။ ဟိုတယ်တစ်ဖက်တွင်တော့ သူတို့သမီးက သူမ၏ သူတို့သမီးအရန်များနှင့် ချန်ပိန်ဖောက်ကြလေသည်။
တကယ်လှပသော ရက်ပင်မဟုတ်ပါလား။
ပါတီတက်ရောက်ကြသော လူတိုင်းအတွက်လည်း အတူတူပင်။
လီထင်းရန်အတွက်မှ လွဲ၍ပေါ့။
ကိုယ်ချစ်ရသည့်လူက လက်ထပ်သွားသည်ကို လက်တွေ့မြင်တွေ့ရခြင်းက ဘယ်သူ့အတွက်မဆို နာကျင်ရမှာပဲဖြစ်သည်။
ယခုအချိန်မှာ ကမ်းရိုးတန်းတစ်လျှောက် ဟိုက်ဝေးလမ်းမပေါ် မောင်းနှင်လာသည့် ကားပေါ်ထိုင်နေရင်း ပြတင်းအပြင်ဘက်ရှိ နေဝင်ဆည်းဆာကို ငေးကြည့်နေမိသည်။
သူ၏ မျက်နှာပေါ် ခံစားချက်တစ်စုံတစ်ရာမျှ ထင်ဟပ်နေခြင်းမရှိပါချေ။
ကားလေးမှာတော့ တိတ်ဆိတ်နေလျက်သား။
လီထင်းရန်အတွက် နှစ်များစွာ ကားမောင်းပေးသော ဒရိုင်ဘာက သူ၏ ဘောစ့်ဖြစ်သူက ငြိမ်သက်နေသည့်အခါ နှောင့်ယှက်ခြင်းလည်း မပြုပါချေ။ ထို့အတွက်ကြောင့် သူက ကားမောင်းခြင်း၌သာ အာရုံထားလိုက်ကာ နောက်ကြည့်မှန်မှ စပ်စုခြင်းလည်း မလုပ်။
ထိုကဲ့သို့သော ငြိမ်သက်သည့် ပါတ်ဝန်းကျင်က ပုံမှန်အားဖြင့်တော့ လီထင်းရန်အား စိတ်ငြိမ်သက်စေပြီး သက်သောင့်သက်သာဖြစ်စေသည်။
သို့သော်လည်း ဤကနေ့မှာတော့ သူက ကားမှန်ကို ချလိုက်ကာ ဆားငန်နံ့သင်းသော ပင်လယ်လေက သူ့မျက်နှာပေါ် ဓားသွားကဲ့သို့ တဖတ်ဖတ်ရိုက်ခတ်စေသည်။
" ရှေ့မှာရပ်လိုက်ပါ။
သူက ဒရိုင်ဘာအား ဆိုလိုက်၏။
ဒရိုင်ဘာဖြစ်သူမှာ ရုတ်ချည်းတော့ ကြောင်အသွားရကာ ဘေးသို့ လှည့်ကြည့်လာသည်။ သူတို့က ကမ်းစပ်နားရောက်နေပြီဖြစ်ကာ ရှေ့မှာတော့ ကျောက်တုံးများဖြင့် လုပ်ထားသော လှေကားထစ် သို့ ခေါ်သွားသည့် လမ်းတစ်သွယ် ရှိ၏။
ပင်လယ်နားက ထိုလမ်းပေါ်၌ ယခုအချိန်မှာတော့ လူသူကြဲပါးနေလျက်။ သို့သော်လည်း အနည်းငယ်သော ကောင်လေး၊ ကောင်မလေးများနှင့်အတူ ပြေးလွှားနေသော ကလေးအချို့ကို မြင်နေရသည်။
" ကားကို ပါကင်မှာရပ်လိုက်ပါ။ ဒီည မပြန်တော့ဘူး။ မနက်ဖြန်မှ ခေါ်လိုက်မယ်။"
သူက ဒရိုင်ဘာဖြစ်သူအား ပြောလိုက်သည်။
ဒရိုင်ဘာလည်း ခေါင်းညိတ်ကာ သိပြီဖြစ်ကြောင်း ပြလေ၏။
လီထင်းရန်က လှေကားထစ်မှ ဆင်းသွားလိုက်သည်။ သူ၏ အနက်ရောင် အနောက်တိုင်းဝတ်စုံမှာ ဤအေးအေးလူလူ ကမ်းခြေနှင့် ဆက်စပ်မှု မရှိနေဟန်။ သို့သော်လည်း သူက သဲပြင်ပေါ်သို့ မဆင်းပါချေ။ အနည်းငယ် ဆက်လျှောက်လာပြီးနောက် ဘားအသေးစားတစ်ခုကို တွေ့လိုက်ရသည်။
ထိုဘားမှာ ကမ်းစပ်၌ ရှိသည်မှလွှဲ၍ ထူးထူးခြားခြားမဟုတ်လှပါ။ တံခါး အပေါ်ဘက်၌ လက်ရေးနှင့်ရေးထားသော ရွဲ့စောင်းစောင်း ဆိုင်းဘုတ်နှင့် မီးလုံးအချို့ရှိသော်လည်း နေဝင်ချိန်၌ပင် သေချာထင်းလင်းမနေ။
သို့သော် လီထင်းရန်အတွက်မူ အနေတော်ဟု ခံစားလိုက်ရသည်။
သူ၏ ပုံမှန်ဘဝနှင့် ဝေးကွာသော၊ သူစိမ်းလူတွေ၊ ပင်လယ်နား၊ ညကောင်းကင်အောက်၊ အချင်းချင်းမျက်နှာပင် သေချာမမြင်ရသော ခပ်မှောင်မှောင် အတွင်းအပြင်အဆင် တို့က သူ၏ ယခုအချိန်ဖြစ်နေသော အထီးကျန်ဖွယ်အခြေအနေနှင့် ကွက်တိကျနေလျက်။
---
လီထင်းရန်အတွင်းသို့ ဝင်လာသည့်အချိန်မှာ လင်ချိရ် ခနအနားယူသည့်အချိန်ဖြစ်သည်။
သူက ဆိုင်ရှင်တိုက်သည့် မက်မွန်ရနံ့ cocktail အား အခုလေးတင်သောက်ပြီးကာ စင်အစွန်း၌ထိုင်လျက် ပြုံးကာ မေးခွန်းအချို့ကို ဖြေပေးနေသည်။
သူမော့ကြည့်မိလိုက်တော့ လီထင်းရန်အား သတိထားမိလိုက်သည်။
တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့်လူ၊ အချိုးကျကျခန္ဓာကိုယ်နှင့် ကျယ်ပြန့်သော ပုခုံး၊ ခြေတံရှည်ရှည်၊ အင်္ကျီ လက်အနားခေါက်နေရာ၌ ပေါ်နေသော လက်ကောက်ဝတ်တို့က အဝတ်အစားအောက်၌ ရှိနေမည့် တောင့်တောင့်တင်းတင်းခန္ဓာကိုယ်ကို အရိပ်အမွက်ပြနေခဲ့သည်။
လင်ချိရ်အတွက်မူ ယောကျ်ားလေးတစ်ယောက်၏ ချောမောမှုအတွက် သတ်သတ်မှတ်မှတ်အကြိုက်ဟူ၍ မရှိပါလေ။ ကြည့်ကောင်းလျှင် လုံလောက်ပြီဖြစ်သည်။
လင်ချိရ်အတွက် ဖက်ရှင်ရိုက်ကွင်းတွေနှင့် နီးနီးကပ်ကပ်နေရ၍ ချောမောသော ယောကျ်ားများကို အထူးတလှယ် ခံစားမှုမရှိ။
သို့သော်လည်း လီထင်းရန်ကို တွေ့လိုက်သည့် တစ်ခဏမှာတော့ သူ၏ နှလုံးခုန်သံက တစ်ချက်လွတ်သွားခဲ့ပါ၏။
တခြားအကြောင်းပြချက်မရှိနိုင်တော့။ လီထင်းရန်၏ ချောမောမှုက မျက်စိကျိန်းဖွယ်ဖြစ်သောကြောင့်သာလျှင်။
မှောင်ပြပြဘားအတွင်းမှာပင်လျှင် ထိုအချိန်၌ အလင်းရောင်အားလုံးက လီထင်းရန် အပေါ်သို့သာ ကျရောက်နေသယောင်။
သိသိသာသာပင် ဘားထဲမှ လူတစ်ယောက်က လီထင်းရန်နှင့် စကားပြောလိုဟန်ရှိသည်။ သို့သော်လည်း သူ၏ ပုံစံက အေးစက်စက်နှင့်တစ်ထီးတည်း ဖြစ်လေရာ ဘယ်သူမှ မချည်းကပ်ရဲတော့။ သူက ဘားကောင်တာသို့ တိုက်ရိုက်လျှောက်လာကာ သောက်စရာမှာလေ၏။
ထိုလူခေါင်ငုံ့လိုက်မှ လင်းချိရ်တစ်ယောက် ပန်းပုဆရာတစ်ယောက်က ထွင်းထုထားသကဲ့သို့ သူ၏ ချောမော လှပသော မျက်နှာအစိတ်အပိုင်းများကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုလူ၏ မျက်လုံးများမှာ ကန်တစ်ကန်ကို ဝန်းရံထားသော သစ်ပင်များ၏ အရိပ်ကဲ့သို့သော မျက်တောင်မွှေးများနှင့်အတူ စွဲမက်ဖွယ်ကောင်းကာ အေးစက်လှသော်လည်း ဆွဲဆောင်မှုရှိနေခဲ့သည်။
လီထင်းရန်၏ အကြည့်က စင်ပေါ်သို့ တစ်စက္ကန့်လောက် ဖြတ်ပြေးသွားသည်ကို လင်းချိရ်မြင်လိုက်ရသည်။
ထိုလူက သူ့အားကြည့်လိုက်သည် မဟုတ်မှန်း သိသော်လည်း လင်းချိရ်၏ နှလုံးမှာ တစ်ဒုန်းဒုန်းဖြစ်သွားရ၏။
" မတရားလိုက်တာ။"
လင်းချိရ်က ဟတ်ထိသွားသကဲ့သို့ ရေရွတ်လိုက်သည်။
သူ၏ နားချိန်ပြည့်ပြီးနောက် နောက်ထပ်သီချင်းတစ်ပုဒ်ကို သီဆိုလိုက်သည်။ သို့သော်လည်း သူ၏ အကြည့်များက လီထင်းရန်ဆီသို့သာ ရောက်ရောက်သွားလျက်။ သူ၏ အသံပင် အနည်းငယ် ကီးချော်သွားရကာ ချိုမြိန်သော အချစ်သီချင်းအား အသံကွဲကွဲနှင့် ဆိုလိုက်ပါ၏။
သူ၏ မျက်လုံးများက လီထင်းရံဆီသို့ စွဲကပ်သွားကာ ယခုအချိန်မှာ စင်ပေါ်က ခုန်ဆင်းပြီး ထိုလူကို စကားသွားစနိုင်ရန်ပဲ မျှော်လင့်နေမိသည်။
သို့သော် ကံမကောင်းစွာဖြင့် အလုပ်ချိန်က နာရီဝက်ခန့် ကြာအုံးမည်ဖြစ်ရာ စောစောထွက်သွား၍ မဖြစ်သေး။
လင်းချိရ်တစ်ယောက် ဘားကောင်တာသို့သာ ရန်ဖန်ရန်ခါ အကြည့်ရောက်လျက် သီချင်းဆက်ဆိုနေရုံသာ တတ်နိုင်လေသည်။ သူကနောက်ထပ်တစ်ခေါက် ထပ်ဝေ့ကြည့်လိုက်သည်။ သူ၏ အကြိုက်နှင့်ကိုက်ညီသော ထိုလူက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားမှာကို စိုးရိမ်နေခဲ့ပါ၏။
---
နောက်ထပ်နာရီဝက် သည်းခံပြီးနောက်မှာတော့ ထန်းရှို့ပြန်ရောက်လာပြီး လူလာလဲမှာကို စောင့်လိုက်သည်။
ထန်းရှို့လည်း ကောင်မလေးအား ပို့ပြီးပြီးချင်း အမြန်အဆန် ပြန်ရောက်လာခဲ့သည်။
" ကျေးဇူးပဲ။ ငါ့ကောင်ရေ။"
ထန်းရှို့က လင်ချိရ် ပုခုံးအား ပုပ်ကာဆို၏။
" ငါပြီးသွားရင် မင်းကို ညလယ်စာ လိုက်ကျွေးမယ်။ ဒီမှာ ခနစောင့်နေပေး။ သောက်ချင်တာရှိရင်လည်း ငါ့နာမည်နဲ့သာ မှတ်ထားလိုက်။ ဒီမှာ ဝန်ထမ်းလျှော့ဈေးရှိတယ်။"
လင်းချိရ်ကတော့ စိတ်ပါနေသည်မဟုတ်။ တုန့်ပြန်သည့်အနေဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။ သူက ထန်းရှို့အား လက်ယမ်းပြကာ
" ကောင်းပြီလေ။ သွားတော့။ ငါ့ဟာငါ ကြည့်စီစဉ်လိုက်မယ်။"
သူက တစ်ခဏ ရပ်သွားပြီးမှ ဝိုးတိုးဝါးတား ထပ်ပြောလိုက်သည်။
" ငါ စောစောပြန်မှာလည်း ဖြစ်နိုင်တယ်။ ဆိုတော့ နောက်မှ ဆက်ပြောရအောင်။"
ထန်းရှို့မှာ ချီတုံချတုံနှင့်
"ဘာလို့လဲ? ငါတို့ ပြောထားပြီးသား မဟုတ်ဘူးလား?"
သူစကားမဆုံးခင် လင်းချိရ်က သူ့ပုခုံးပေါ်မှ ဆွဲကာ စင်ပေါ်သို့ တွန်းတင်လိုက်၏။
ထန်းရှို့သွားပြီးနောက်မှာ သူ့ဘေးနား တခြား ဧည့်သည်များ၏ စကားသံများ ဆူညံနေပေတိ ပတ်ဝန်းကျင်လေထုက ရုတ်တရက်ဆိတ်ငြိမ်သွားသလို ခံစားလိုက်ရသည်။
လင်းချိရ် သူ၏ ကြွက်သားများကို ဆန့်လိုက်သည်။ သူ၏ အကြည့်မှာတော့ ဘားကောင်တာရှိ လူပေါ်၌သာ စွဲကပ်နေလျက်။
သူစင်ပေါ်မှာတုန်းက ဧည့်သည်တော်တော်များများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီးဖြစ်သည်။ ဆိုတော့ သူစင်ပေါ်မှ ဆင်းဆင်းချင်း လူတစ်ယောက်က သူတို့ စားပွဲဝိုင်းသို့ သူအား လာဖိတ်သည်။
ပုံမှန်အားဖြင့်တော့ သူ့အနေနှင့် လက်မခံလျှင်တောင် မျက်လုံးတောက်တောက် ကလှူအမြှုအပြုံးမျိုးဖြင့် တုန့်ပြန်ကာ တစ်ဖက်လူအား ရှက်ပြီး နီမြန်းသွားအောင် လုပ်ဖြစ်လိမ့်မည်။
သို့သော် ယနေ့မှာတော့ ထိုသို့ လုပ်ဖို့ စိတ်ပါမနေ။
လင်းချိရ်က ဘားကောင်တာဆီသို့သာ လှမ်းသွားလိုက်သည်။ လီထင်းရန်နားရှိ ထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်၏။ ပြီးနောက် ခပ်တိုးတိုးနှင့် ကြားရရုံအသံဖြင့် ပြောလိုက်သည်။
" ဟလို၊ ဒီမှာ ထိုင်လို့ ရလား?"
လီထင်းရန်ရှေ့မှာတော့ ခွက်အချို့ တန်းစီနေလေပြီ။ သူက ဒီဘား၌ တစ်နာရီကျော်ကျော် ထိုင်နေခဲ့တာဖြစ်ပြီး တစ်ယောက်တည်း တိတ်တဆိတ် သောက်နေခဲ့သည်။
သူ၏ ဖုန်းက အလင်းရောင်ပွင့်လာကာ လူတစ်သိုက်၏ ပုံက ပေါ်လာခဲ့သည်။ တောက်ပသည့် အခန်းတွင်းတစ်ခုမှ အနက်ရောင်ဆိုဖာပေါ် ထိုင်နေကြသော သက်သူရွယ်သူ လူငယ်အချို့။ စားပွဲပေါ်၌ ပုလင်းများနှင့် စားစရာအကြွင်းအကျန် ပန်းကန်များလည်း ရှိနေလျက်။ ပုလင်းတော်တော်များများက အလွတ်ဖြစ်သော်လည်း မည်သူမျှ အလွန်အကျွံမူးနေဟန်မရှိဘဲ စကားစမြည်ပြောဆိုရင်း ပျော်ရွှင်နေကြဟန်။ အပျော်အပါးလွန်လွန်ကျူးကျူးဖြစ်ဖို့ အဝေးသား။
ပျော်ရွှင်မှုကို ဝေမျှဖို့ရန်အတွက်ဆိုပြီးဖြစ်မည် ရွှီးမူက ပို့ပေးလာတာဖြစ်သည်။
လီထင်းရန်က ဆေးလိပ်တစ်ဖွါ ရှိုက်လိုက်၏။ ဆေးလိပ်ငွေ့ကြား ပြုံးနေသော ရွှီးမူ၏ မျက်နှာက တစ်ဖြည်းဖြည်း မှုန်ဝါးသွားခဲ့သည်။
ထိုအချိန်၌ပင် ထိုင်လို့ရမလားဟူ၍ မေးသည့် အသံကို ကြားလိုက်ရတာဖြစ်သည်။
လီထင်းရန်က သူနှင့် စကားပြောရန် ချည်းကပ်လာသည့် နောက်ထပ်တစ်ယောက်ဖြစ်မည်ဟု တွေး၍ မျက်မှောင်ကြုပ်လိုက်မိသည်။ သို့သော် သူခေါင်းမော့၍ ကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ မျက်နှာအား ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည့်အချိန်မှာတော့ အနည်းငယ် ကြက်သေသေသွားလေသည်။
လင်းချိရ်က အလင်းရောင်အောက်မှာ ကိုယ်ကို အနည်းငယ် ကိုင်းပြီး ပြုံးနေခဲ့သည်။
သူက သူ၏ ရုပ်အသွင်အပြင်ကြောင့်ပင် အသိုင်းအဝိုင်းထဲ၌ အတားအဆီးမရှိ နေရာရသောသူဖြစ်သည်။
မောလ်ဒယ်တစ်ဦးဖြစ်သည်နှင့်အညီ ကျယ်ပြန့်သော ပုခုံး၊ ခါးသိမ်သိမ်နှင့်အတူ ကောင်းချီးနှင့် ပြည့်စုံသောသူ။ သူ၏ မျက်နှာမှာလည်း ဖျော်ဖြေရေးလောကထဲက နာမည်ကျော်တို့အောက် လျော့နေခြင်းမရှိ။ နှာတံမြင့်မြင့်၊ နှုတ်ခမ်းပါးပါး၊ ထောင့်ကျကျမျက်နှာနှင့် ညို့အားပြင်းသော မျက်လုံးတို့ရှိကာ ပြုံးလိုက်သည့်အခါ နူးညံ့သော အသွင်အပြင်ကို ပေးပါ၏။
သူနှင့် လက်တွဲဖူးသော ဓါတ်ပုံဆရာများက သူ့ကို များသောအားဖြင့် ညို့အားပြင်းသည်ဟု ဆိုကြသည်။
ပြိုင်ဘက်ကင်းသော ညို့ဓါတ်။
ရိုးတွင်းမှလာသော ဆွဲဆောင်မှုနှင့် ယုံကြည်မှုတို့ဖြန့်ကျက်နေလျက် ခုခံနိုင်ရန်အခက်သား။
လီထင်းရန်၏ မျက်ခုံးများက ပြန်ပြေလျော့သွားချေသည်။
သူတွေးသည်က ထိုကဲ့သို့သော ရုပ်ရည်နှင့်လူက သူ့အားနှောင့်ယှက်ရန် မဖြစ်နိုင်လောက်၍ သူ့အနေနှင့်လည်း အလွန်အကြူးသတိထားနေစရာမလိုဟူ၍။
"ရပါတယ်။" ဘား၏ ထိုင်ခုံအခင်းအကျင်းမှာ လွတ်လွတ်လပ်လပ်ရှိကာ ခွင်းတောင်းမေးမြန်းခြင်းပင် အလွန်ယဉ်ကျေးနေပြီးဖြစ်သည်။
လင်းချိရ်က ချက်ချင်းထိုင်ချလိုက်၏။
သို့သော် လီထင်းရန်နှင့် စကားပြောရန်ကိုတော့ တိုက်ရိုက်မစတင်ပါချေ။ သူက martini တစ်ခွက် အရင်မှာလိုက်သည်။
ခွက်တစ်ဝက်ကုန်သွားမှ လီထင်းရန်အား မေးလိုက်သည်။
" ဒီကို အလည်အပါတ်လာတာလား?"
လီထင်းရန်က သူ့အား လှည့်ကြည့်လာ၏။ ပြန်မဖြေပါချေ။ ခေါင်းကိုသာ အသာယမ်းလိုက်သည်။
လင်းချိရ်က စိတ်ဓါတ်ကျသွားခြင်းမရှိ။ ပုခုံးတွန့်လိုက်ကာ ထပ်ပြောလိုက်သည်။
"ဒီတိုင်း သိချင်ရုံပါ။ ဒီကလူတွေက တွေ့နေကျတွေ။ ကျွန်တော် ဒီကိုရောက်ဖူးတာ အကြိမ်အတော်ကလေးများပေမဲ့ ခင်ဗျားကိုတော့ အခုမှတွေ့ဖူးလို့။"
သူက စကားရပ်လိုက်ကာ နောက်တစ်ငုံထပ်သောက်လိုက်သည်။ အရည်အေးအေးက သူ၏ နှုတ်ခမ်းများကို စိုစွတ်သွားစေ၏။ ပြီးနောက် လည်ပြွန်မှတစ်ဆင့် အစာအိမ်ဆီသို့။ ထိုအခါ ကျေနပ်သွားသော အသံတစ်ခုက ထွက်ပေါ်လာသည်။
သူက လီထင်းရန်ကို မေးလိုက်သည်။
" ခင်ဗျားအချိန်အကြာကြီး တစ်ယောက်ထဲ သောက်နေတာ။ လမ်းခွဲခဲ့တာများလား?"
ယခုတစ်ခေါက်မှ လီထင်းရန်က လင်းချိရ်အား တည့်တည့်ကြည့်လာသည်။
" ဘယ်လိုထင်လို့လဲ?" သူ၏ အမူအရာက အပြောင်းမလဲ။ ထိုမှတ်ချက်က သူ့အား ထိသွားစေသလား ပြောရအခက်သား။
လင်းချိရ်က ပုခုံးတွန့်လိုက်ကာ
" ဒီကိုတစ်ယောက်တည်းလာသောက်ကြတဲ့ လူတွေက ကံမကောင်းတာ တစ်ခုခုဖြစ်လို့ ဒါမှမဟုတ်ရင် အသဲကွဲလို့ပဲ။" သူက လီထင်းရန်အား စုန်ဆန်ကြည့်ကာ " ဒါမဲ့ ခင်ဗျားက ရှေ့တစ်ခုတော့ ဖြစ်ပုံမရဘူး။ အဆင်မပြေတဲ့ဟာ တစ်ခုခုရှိရင် ခင်ဗျားက အဲဒါကို ဖြေရှင်းဖို့ လုပ်နေမှာ။ ဒီလို ဘားကလေးဆီ လာနေမှာမဟုတ်ဘူး။ ဆိုတော့ ဒုတိယတစ်ခုပဲ ဖြစ်ရမယ်။"
သူက လီထင်းရန်အား ပြုံးကာ
" ကျွန်တော် မှန်တယ်မလား?"
ဖက်ရှင်နယ်ပယ်၌ အကြာကြီးကျင်လည်ခဲ့သည့်သူဖြစ်ရာ တစ်ချက်ကြည့်ရုံနှင့် လီထင်းရန်က ပိုက်ဆံရှိမှန်း သူပြောနိုင်သည်။ ထိုလူ ဝတ်ထားသည့် suit မှာ ထင်ရှားသည့် တံဆိပ်မရှိသော်လည်း အင်္ကျီစနှင့် ချုပ်ပုံမှာ တိတိကျကျ သန့်သန့်ပြန့်ပြန့်နှင့် ဈေးကြီးမည့်ထဲပါသည်။ နာရီမှာလည်း Richard Milleဖြစ်သည်။ ဒီလိုလူမျိုးက ဤကဲ့သို့ ဘားသေးသေးလေး၌ ပုံမှန်အားဖြင့် ရောက်လာတတ်မည်မဟုတ်။
လီထင်းရန်က တစ်ခဏ တိတ်ဆိတ်နေပြီးမှ အသာရယ်ကာတုန့်ပြန်လေသည်။
" အင်း"
တကယ်တမ်းပင် သူက လမ်းခွဲမှုကြောင့် တစ်ကိုယ်တည်း အချိန်အကြာကြီး လာသောက်နေခြင်း။ အရက်က ကနဦးမှာတော့ နာကျင်မှုကို ထုံထိုင်းစေသော်လည်း ကြာလေလေ နှလုံးသားထဲ၌ စုပြုံသွားစေကာ အသက်ရှူဖို့ပင် ခက်ခဲစေပြီး သူ၏ပြိုကျတော့မည့် စိတ်ခံစားချက်ကို အာရုံပြောင်းသွားအောင် ထွက်လမ်းတစ်ခုခု လိုအပ်စေသည်။
ထို့အတွက်သူက ပုံမှန်မဟုတ်စွာဖြင့် လင်းချိရ်အား ဖြေလိုက်တာဖြစ်သည်။
သူက နှုတ်ခမ်းကြား မီးမညှိထားသည့် ဆေးလိပ်ခဲထားသော၊ သိချင်စိတ်အထင်းသားဖြင့် ကြည့်နေသော လင်းချိရ်အား မော့ကြည့်လိုက်သည်။
သို့သော်လည်း လင်းချိရ်၏ အကြည့်က တဲ့တိုးဆန်သော်လည်း အကွာအဝေးတစ်ခု ခြားထားသည်ဖြစ်ရာ အနှောင့်အယှက်ဖြစ်ရခြင်းတော့ မရှိပါချေ။
လင်းချိရ်က မျက်ခုံးပင့်လိုက်၏။ လက်တစ်ဖက်ဖြင့် မေးထောက်လိုက်ကာ ထပ်မေးလိုက်သည်။
" ကျွန်တော် ခန့်မှန်းတာ မှန်သွားပေမဲ့ နားမလည်ဖြစ်နေတုန်းပဲ။ ဘယ်လိုလူကများ ခင်ဗျားလိုလူကို ဖြတ်ရဲတာပါလိမ့်။ ဒီလိုရုပ်ရည်နဲ့ အငြင်းခံရသေးတယ်ပေါ့?"
လီထင်းရန်က လင်းချိရ်အား ထပ်ပြီးငှဲ့ကြည့်လိုက်သည်။
ဒီလိုမှတ်ချက်မျိုးက အရမ်းငယ်ရွယ်သေးသည့် လူတစ်ဦးတစ်ယောက်ဆီကပဲ ထွက်လာနိုင်လိမ့်မည်။ မဟုတ်ပါက လင်းချိရ်၏ ရုပ်ရည်က dating လုပ်သည့်အခါ မည်သူ့ဆီကမျှ အငြင်းခံရစေဖို့ မဖြစ်နိုင်အောင် တားဆီးပေးနေခြင်းကြောင့်ပဲ ဖြစ်ပေလိမ်မည်။
ထင်ရှားသော ရုပ်ရည်ရှိခြင်းက အရာရာကို ဖြစ်မြောက်စေနိုင်သည်မဟုတ်။
သို့သော်လည်း သူက လင်းချိရ်၏ မေးခွန်းကိုဖြေပေးလိုက်ပါ၏။
" ဘာမှ မထူးဆန်းပါဘူး။ ကိုယ်ကြိုက်တဲ့လူက ယောကျာ်းလေးမကြိုက်ဘူး။ သူကမနက်ဖြန် လက်ထပ်တော့မှာ။ ကိုယ့်ရုပ်ရည် ဘယ်လိုမျိုးလဲဆိုတာနဲ့ မဆိုင်ဘူး။"
သူ့အနေနှင့် လင်းချိရ်က သူတို့အမျိုးအစားဆိုတာကို ပြောနိုင်သည်။ သို့သော်လည်း ဤနေရာက အရောက်အပေါက်နည်းသည့် နေရာမှ ဘားဖြစ်လေရာ သူ၏ တိမ်းညွှတ်မှုကို ကွယ်ဝှက်ထားမနေတော့။
လင်းချိရ်က အနည်းငယ် ဆွံ့အသွားရသည်။ သို့သော်လည်း သေချာစဉ်းစားကြည့်ပါက အဓိပ္ပါယ် ရှိပါသည်လေ။ ဘာပဲဖြစ်ဖြစ် ဒီလိုကြည့်ကောင်းတဲ့လူကို ငြင်းနိုင်တဲ့လူက သံမဏိလို အဖြောင့်မှမဟုတ်ရင် ဘယ်ဖြစ်နိုင်ပါ့မလဲ?
သူသာဆို ဘယ်လိုမှ ငြင်းလိမ့်မှာမဟုတ်။
" အင်း၊ ကျွန်တော်သဘောပေါက်ပြီ။ စထရိတ်တစ်ယောက်ကို ချစ်မိတာက ကံခေတာပဲ။"
သူက ပြောရင်းနှင့် လီထင်းရန်၏ အခုနက စကားကို ပြန်စဉ်းစားကာ နှာမှုတ်လိုက်သည်။
" ဒါပေမဲ့လည်း စထရိတ်တွေလည်း ချောမောတဲ့ မျက်နှာကိုတော့ သဘောကျကြတယ်မဟုတ်ဘူးလား။ စထရိတ်ဆိုတဲ့ကောင်တွေ ချောတဲ့လူတွေကိုရွေးပြီး စိတ်လှုပ်ရှားရအောင် စမ်းကြည့်ကြတာမျိုး ရှိတာပဲလေ။"
သူ၏ အသံထဲ၌ အနည်းငယ်သော လှောင်ပြောင်မှုနှင့် မနှစ်မြို့သံ စွက်လျက်။
လီထင်းရန်းက သူ့အား စေ့စေ့ကြည့်လိုက်၏။ သူ၏ အကြည့်တွေက လင်းချိရ်၏ ဖြူဖွေးသွယ်လျသော လည်တိုင်နှင့် နူးညံ့ဟန်ရမည့် နှုတ်ခမ်းတို့အပေါ် ရစ်ဝေးနေလျက် အသံတိုးတိုးနှင့် မေးလိုက်သည်။
" မင်းရော အဲလို စထရိတ်ကောင်လေးတွေ ပိုးတာ ခံရဖူးလား?"
လင်းချိရ်က မျက်မှောင်ကြုပ်လိုက်၏။ မဖြေခင် အနည်းငယ် တုန့်ဆိုင်းနေပြီးမှ " လိုက်တယ်ရယ်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့လည်း ကောင်မလေးရှိတဲ့ ကောင်တွေ မထိတထိလုပ်တာမျိုးကို တစ်ကြိမ်ထက်မက ကြုံရဖူးတယ်။ အဲ့ကောင်တွေက ဂေးစစ်စစ်မဟုတ်ဘူးဆိုတာ သိတယ်။ ဒီတိုင်း တန်ဖိုးမဲ့တဲ့ စူးစမ်းမှုကို ရှာဖွေကြတာ။"
ထိုအကြောင်းကို တွေးမိရုံနှင့်ပင် လင်းချိရ်အား အန်ချင်စိတ်ကို ဖြစ်စေသည်။
သူက အယူအစွဲမရှိဘဲ ပေါ့ပေါ့ပါးပါးလူသာဖြစ်သော်လည်း တခြားသူများ၏ ဆက်ဆံရေး၌ ဝင်နှောင့်ယှက်ရန် စိတ်မဝင်စားပါ။ သူ၏ သတ်မှတ်ချက်များက မြင့်မားသည်။
သူ၏လိင်စိတ်တိမ်းညွှတ်မှုကို နားလည်ပြီးကတည်းက သူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့်လူအရေအတွက်က လက်တစ်ဖက်ပင်မပြည့်။
သို့သော်လည်း သူ့နားရစ်ဝဲတတ်သည့် ယင်ကောင်တွေကိုတော့ သူလည်း မတားဆီးနိုင်ပါ။
တွေးရုံဖြင့်ပင် အန်ချင်သည်။ သူက အိတ်ထောင်ထဲမှ မီးခြစ်ကို ထုတ်ကာ မီးငြိလိုက်သည်။
ကလိစ်။
လေထုထဲ၌ လိမ္မော်ရောင် မီးတောက်တစ်ခု ဖြာသွားကာ သူ၏ နက်မှောင်သော မျက်လုံးများကို ထင်ဟပ်သွားစေသည်။
သူက တစ်ခုခုကို သတိရသွားဟန်နှင့် လီထင်းရန်အား မသင်္ကာသလိုကြည့်လိုက်သည်။
" ခင်ဗျားကြိုက်တဲ့တစ်ယောက်လည်း အဲလိုချေးထုတ်ကောင်တော့ မဟုတ်ဘူးမလား?"
သူ၏ မေးခွန်းမှာ အင်မတန်မှ တည့်တိုးဆန်ကာ ရဲတင်းလွန်းလှသည်။
လီထင်းရန် တွေးလိုက်မိသည်။
ဒီလို ဆူညံနေတဲ့ ဘားမှာ သူ့အတွက် စိတ်အဆင်မပြေနေတဲ့အချိန် ဘေးနား တစ်ယောက်ယောက်ရှိတောက ဘယ်သူမမရှိတာထက်စာရင် ပိုကောင်းပါတယ် ဆိုပြီး။
သူ ခေါင်းခါလိုက်သည်။
" ကိုယ်ကြိုက်တဲ့လူက လူကောင်းတစ်ယောက်ပါ။ အထက်တန်းတုန်းက အတန်းဖော်။ ကျောင်းကတည်းက ပေါင်းသင်းခဲ့တာ။ ငါသူကြိုက်တဲ့ စစ်တုရင်ဘုတ်ပြားကို ကျိုးအောင် လုပ်မိသွားတာတောင် စိတ်မဆိုးခဲ့ဘူး။ ပြီးတော့ သူက ဆက်ဆံရေးမှာ သစ္စာရှိတယ်။ အခုသူ့မိန်းကလေးကို သုံးနှစ်တွဲခဲ့ပြီးမှ လက်ထပ်ဖို့ လုပ်ကြတာ။ သူ့ဘေးကလူတွေပြောတာက သူ့မှာ အပြစ်ပြောစရာ ဘာမှ မရှိဘူးတဲ့။ နည်းနည်းနှေးကွေးရုံပဲ။"
အဲဒီလူက လူကောင်းဖြစ်ပုံပေါ်ပေမဲ့ အရမ်းပျင်းဖို့လည်း ကောင်းမှာပဲလို့ လင်းချိရ်တွေးလိုက်သည်။
သို့သော်လည်း ထုတ်တော့မပြောလိုက်ပါလေ။
သူက ဆေးလိပ်ပြာကို ခါထုတ်လိုက်ရင်း မနက်ဖြန်မှာ အဲ့လူရဲ့ မင်္ဂလာပွဲဆိုတာကို ခနက လီထင်းရန်ပြောတာကို ပြန်အမှတ်ရလိုက်သည်။
သူက မေးလိုက်၏။ " ခင်ဗျား မနက်ဖြန် သူ့မင်္ဂလာပွဲ တက်မှာလား?"
လီထင်းရန်၏ လက်က လေထုထဲ လှုပ်ရှားမှု တစ်ခဏ တန့်သွား၏။ ပြီးမှ အသာ ခေါင်းညိတ်လာသည်။
"အင်း။"
" သူက ကိုယ့်သူငယ်ချင်းဖြစ်ခဲ့တာ နှစ်ပေါင်းအများကြီး ရှိပြီ။ ဘယ်လိုလုပ် မသွားလို့ရမလဲ?"
" အံ့သြစရာမရှိပါဘူး။ ခင်ဗျားအဲလောက်တောင် သောက်နေတာ။"
ကိုယ်ချစ်ရသည့်လူသားက တစ်ခြားတစ်ဦးဦးနှင့် လက်စွပ်ခြင်းဖလှယ်သည်ကို မျက်မြင်တွေ့နေရခြင်းက ညှဉ်းဆဲခြင်းပင် ဖြစ်လိမ့်မည်။
လင်းချိရ်ကဲ့သို့ အလေးအနက်မရှိသည့်သူပင်လျှင် အနည်းငယ် စိတ်မကောင်းဖြစ်ပေးမိသည်။ သူက ပထမတော့ လီထင်းရန်နှင့် တစ်ညတာအပျော်အပါးအတွက် စဉ်းစားပြီးဖလစ်ဖို့လာတာဖြစ်သည်။ သို့သော်လည်း အခုအချိန်မှာ သူ့ရည်ရွယ်ချက်တွေကို ပြန်ထိန်းချုပ်လိုက်သည်။
သူက စိတ်ထဲတစ်ယောက်ယောက်ရှိနေသည့် လူမျိုးကို မကြိုက်။
နာကျင်မှုက ကူးစက်တတ်သည်။ သို့သော်လည်း သူ နှစ်သိမ့်ပေးရလောက်အောင်ထိ သူတို့က ရင်းနှီးမနေ။
လီထင်းရန်၏ ခွက်အလွတ်ကို ကြည့်ပြီးတော့ သူ bartender ကို လက်ပြကာ နောက်ထပ်နှစ်ခွက် ထပ်မှာလိုက်သည်။ သောက်စရာတွေ ရောက်လာတော့ တစ်ခွက်ကို လီထင်းရန်ဘက် တိုးပေးလိုက်၏။
" ဒီဟာ ကျွန်တော် တိုက်တာ။"
သူက ထပ်ရှင်းပြလိုက်သည်။
" ဒီဟာက ဒီဘားရဲ့ signature drink 'ငရဲကို ဒိုးလိုက်တော့' လို့ခေါ်တယ်။ အသည်းကွဲနေတဲ့ bartender တစ်ယောက်က ဖန်တီးခဲ့တာတဲ့။ သူပြောတာက ဒီcocktail ကိုသောက်တဲ့ သနားစရာဝိညဏ်လေးတွေ သူတို့ရဲ့ အတိတ်ကို ချန်ထားနိုင်ပြီး အသစ်သော ဘဝကို စတင်နိုင်ဖို့ မျှော်လင့်တယ်တဲ့။"
သူက လီထင်းရန်အား ပြုံးပြလိုက်၏။ သူ၏ အမူအရာမှာ တက်တက်ကြွကြွနှင့် ဆွဲဆောင်မှုအပြည့်။ သူတို့နောက်က ဆူဆူညံညံ ပါတ်ဝန်းကျင်နှင့် ဆန့်ကျင်စွာ လင်းချိရ်က ထိုနေရာမှာ စိတ်ချမ်းသာစေမည့် မြင်ကွင်းတစ်ခုလို ထိုင်နေခဲ့သည်။
သူက လီထင်းရန်အား ထပ်ပြောလိုက်သည်။ "ခင်ဗျားလည်း ကောင်းမွန်သော စတင်ခြင်းနဲ့ တဖန်ပြန်စနိုင်ဖို့ ဆုတောင်းပေးပါတယ်။"
ပြောပြီးနောက် ခွက်နှစ်ခုအား တိုက်လိုက်၏။
"တင်း" ခနဲ အသံက ကြည်ကြည်လင်လင် ပေါ်ထွက်လာခဲ့သည်။
လီထင်းရန်လည်း ထိုခွက်ကို မယူကာ တစ်ငုံသောက်လိုက်ပါ၏။
နှင်းဆီရနံ့သင်းသော ယမကာက သူ၏ နှုတ်ခမ်းတွေကို စိုစွတ်သွားစေသည်။ သူနှုတ်ခမ်းထောင့်တွေကို သပ်လိုက်သည်။ သူ၏ လျှာကတော့ မြွေတစ်ကောင်ကဲ့သို့ ဖော်ပြရခက်စွာ ညို့ဓါတ်ပြည့်နေလျက်။
လီထင်းရန် cocktail နာမည်ကို ပြန်တွေးပြီး တစ်ချက်ရယ်လိုက်သည်။
ထိုယမကာမှာ တကယ်ပင် ထူးခြားသည်။ အနီရောင် အရည်နှင့် အပေါ်မှာ ပေါလောပေါ်နေသော နှင်းဆီဖတ်က တစ်ယောက်ယောက်အား အတိတ်ကို လွှတ်ချနိုင်ဖို့ ဆန္ဒပြုတဲ့အခါ အင်မတန် လိုက်ဖက်နေသည်လေ။
သူက ခွက်ကို ယူကာ နောက်ထပ်တစ်ငုံ ထပ်သောက်လိုက်သည်။
အစကတော့ တစ်ညတာကို အထိန်းအချုပ်မရှိ သူ၏ ဝမ်းနည်းမှုကို ဖြေဖျောက်ချင်ခဲ့ရုံသာ။ နောက်ရက် နေ့လည်ကျရင် သူက သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ဟန်ဆောင်မှုခြုံလွှာကို ပြန်ဝတ်ဆင်ဖြစ်မည်။ သို့သော်လည်း အခုအချိန်မှာ သူစိမ်းတစ်ယောက်က သူ့အား အတူသောက်ရန် ဖိတ်ခေါ်ပြီး အသစ်တဖန် စတင်နိုင်ဖို့ကို ဆန္ဒပြုပေးနေသည်။ သူအစက တွေးထားသည်ထက် အများကြီး ပိုကောင်းမွန်နေခဲ့ပါ၏။
သူက လင်းချိရ်အား ဘားထဲဝင်လာတုန်းက မျက်နှာထားထက် ပိုနူးညံ့သော အကြည့်ဖြင့် ကြည့်ကာ ခပ်တိုးတိုး ဆိုလိုက်သည်။
" မင်းရဲ့ ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးပါပဲ။"
လင်းချိရ်တစ်ယောက် အနည်းငယ် ဆွံ့အသွားဟန်ဖြင့် လီထင်းရန်အား ကြည့်လိုက်သည်။
သူထုတ်ပြောသည်ဖြစ်ဖြစ် မပြောသည်ဖြစ်ဖြစ် လီထင်းရန်က တကယ် သူ့အကြိုက်ဖြစ်သည်။
အစက သူထွက်သွားဖို့ လုပ်သေးသည်။ လီထင်းရန်ကို hit on လုပ်ဖို့ လက်လျှော့လိုက်မှတော့ ပြတ်ပြတ်သားသားနှင့် ထွက်သွားသင့်ပြီ။
သို့သော်လည်း သူနာရီကို တစ်ချက်ကြည့်လိုက်သည်။ ၉ နာရီဘဲ ရှိသေးပြီး အိပ်ချိန်ရောက်ဖို့ အဝေးကြီးလိုသေးရာ စိတ်ပြောင်းလိုက်သည်။
လက်ထဲ၌ မီးခြစ်ကစားနေရင်း လီထင်းရန်အား ကြည့်ကာ " ကျွန်တော် ဒီညအဖော်မရှိဘူးဖြစ်နေတာ ခင်ဗျားနဲ့ဆုံတွေ့ရတာက ကံကြမ္မာပဲဖြစ်မယ်။ ခင်ဗျားအသည်းကွဲတာအတွက် ကျွန်တော် ဘာမှ ပြောင်းလဲပေးလို့ မရပေမဲ့ တကယ်လို့ ခင်ဗျား စကားပြောဖို့ တစ်ယောက်ယောက်လိုအပ်ရင် ကျွန်တော် အားနေတာနဲ့ တိုက်ဆိုင်နေလို့ ခင်ဗျား စကားဆက်ပြောချင်လား?"
လီထင်းရန်က မျက်ခုံးပင့်ကာ လင်းချိရ်အား လှည့်ကြည့်လိုက်၏။
နှစ်ဦးနှစ်ဖက် အကြည့်များက စပ်ယှက်သွားခဲ့သည်။
လင်းချိရ်၌ ခက်ခဲမှု၏ တားဆီးမှုကို မခံရသော၊ ငယ်ရွယ်ပြီး၊ ချောမောသော၊ အကန့်အသတ်မဲ့သော၊ ဆွဲဆောင်မှုရှိသော၊ အန္တရာယ်များလှစွာ ကြိုတင်ခန့်မှန်း၍ မလွယ်ကူသော၊ မွေးရာပါ ပြသနာ အိုးလေးဟု ထင်စရာကောင်းသည့် မျက်နှာမျိုးရှိသည်။
ပုံမှန်အားဖြင့် လီထင်းရန်တစ်ယောက် ဤကဲ့သို့သော ဖိတ်ခေါ်မှုမျိုးကို ငြင်းပယ်လိမ့်မည်။
သို့သော်လည်း ယနေ့မှာ သူအသောက်များသွား၍လည်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ၏နှလုံးသား၌ လေးလံနေသော အတင်းဖိနှိပ်ထားသော ငြိုငြင်ထိုင်းမိုင်းချင်စဖွယ်ကောင်းသည့် စိတ်ခံစားချက်များကြောင့်လည်း ဖြစ်နိုင်သည်။ သူ့ ထွက်ပေါက်တစ်ခုကို လိုချင်မိခဲ့သည်။
သူက နောက်ဆုံး လင်းချိရ်အား ပြောလိုက်၏။
" ကောင်းပြီလေ။"
ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ